ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်း ကင်မရာအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)ကျောင်းသားများက တီထွင်စမ်းသပ်အောင်မြင်ခဲ့ပြီး တစ်လအတွင်း ကင်မရာ(၁၀)လုံးခန့် တီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၄ ရက်နေ့က သိရသည်။COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်းတာသည့် ကင်မရာသည် အလွန်သက်သာသည့် ငွေကျပ်ခြောက်သောင်းကျပ်ဖြင့် အောင်မြင်စွာတီထွင်ဖန်တီးခဲ့ပြီး တယ်လီဖုန်းဖြင့်လည်းကောင်း၊ Smart TVဖြင့်လည်းကောင်း မှတ်တမ်းတင်နိုင်သည့်အပြင် TVနှင့် တယ်လီဖုန်းမပါဘဲ ကင်မရာ၏ LCD ဖြင့်လည်း တိုင်းတာမှုရလဒ်များ ပုံရိပ်များကိုလည်း ကြည့်ရှုနိုင်ကာ SD Cardဖြင့်လည်း မှတ်တမ်းတင်စောင့်ကြည့်နိုင်သည်။”COVID-19ကာလအတွင်း ကျောင်းများ၊ရုံးအဖွဲ့အစည်းများအတွင်း လူတစ်ဦးမှနေ၍ ကင်မရာအား ကိုင်တွယ်ပြီး အပူချိန်တိုင်းတာစရာမလိုဘဲ ကင်မရာရှေ့ ရပ်ရုံဖြင့် အပူချိန်တိုင်းတာမှတ်တမ်းတင်နိုင်ခြင်း၊ အင်တာနက်လိုင်းရရှိပါက ဖုန်းဖြင့် စောင့်ကြည့်စစ်ဆေးနိုင်ခြင်း၊ လူလူချင်း ထိတွေ့မှု မရှိစေခြင်း၊ အချိန် လုပ်သားအင်အား ငွေကုန်ကြေးကျ သက်သာစေခြင်း၊ လျှပ်စစ်မီးမရသည့် နေရာများ၌ ဓာတ်ခဲဖြင့် အသုံးပြုနိုင်ခြင်း စသည့်တို့အပြင် သတ်မှတ်အပူချိန် ကျော်လွန်ပါက သတိပေးစနစ်လည်း တီထွင်ထည့်သွင်းပါရှိပါတယ်”ဟု ကျောင်းအုပ်ဆရာမကြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာမေဖြိုးဦး က ပြောသည်။ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦး ဦးဆောင်ကြီးကြပ်၍ ကျောင်းသားများဖြစ်သည့် မောင်နိုင်ဝင်းအောင်၊ မောင်ပိုင်ဝေယံခန့်၊ မောင်ထက်ယံကျော်၊မောင်ယဉ်အောင်နှင့် မောင်ဂွမ်ဂူလတ် တို့က သုံးလကြာ တီထွင်ဖန်တီးကြိုးစားခဲ့ပြီး လိုအပ်သည့် ဆက်စပ်ပစ္စည်းများအား မြတ်မင်း အီလက်ထရောနစ်ဆိုင်(ဗန်းမော်)က ပံ့ပိုးကူညီပေးခဲ့သည်။အပူချိန်တိုင်းတာသည့် ကင်မရာတီထွင်အောင်မြင်ခဲ့ပြီးနောက် အချိန်တစ်လအတွင်း ကင်မရာ(၁၀)လုံးခန့် တီထွင်ထုတ်လုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်များ၊စာသင်ကျောင်းများ၊မြို့အဝင်အထွက်ဂိတ်များ၌ အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး အပူချိန်တိုင်းတာသည့် စက်ရုပ်ကိုလည်း တီထွင်ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။