ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် အရ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် စောင့်ကြည့်စစ်ဆေးရေးတို့တွင်တစ်ဖက်တစ်လမ်း မှ အလွန်အထောက်အကူပြု အသုံးဝင်သော ဈေးနှုန်းသက်သာသည့် အပူချိန်တိုင်း ကင်မရာအား ဆရာ၊ ဆရာမများ၏ ဉီးဆောင်ကြီးကြပ်မှုတို့ဖြင့် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှကျောင်းသူ၊ ကျောင်းသားများ တီထွင်ဖန်တီးပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါသဖြင့် ဗန်းမော်မြို့၏ အဓိက ဂိတ်တံခါး(၂)ခုတွင် တပ်ဆင်လှူဒါန်း၍ လက်တွေ့အသုံးပြုလျက်ရှိပါတယ်…

ယခုအခါ ဗန်းမော်ပြည်သူ့ ဆေးရုံကြီးနှင့် ဗန်းမော်တက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ယနေ့(၁၇-၁၁-၂၀၂၀)ရက်နေ့တွင် ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်)မှ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တီထွင်ဖန်တီးသူ ကျောင်းသား ကျောင်းသူများမှ သွားရောက်လှူဒါန်းခဲ့ပါတယ်… ဗန်းမော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းဇော်အေးနှင့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ဝမ်းမြောက်ဝမ်းသာ လက်ခံယူခဲ့ကြပါတယ်…

ထို့အပြင် ဗန်းမော်တက္ကသိုလ်ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်သင်နှင့် ပါမောက္ခများ၊ တက္ကသိုလ်ဝန်ထမ်းများမှလည်း အပူချိန်တိုင်းကင်မရာအား လှိုက်လှဲဝမ်းမြောက်စွာ လက်ခံယူခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်းအုပ်ကြီး ဉီးကြည်ဇော်ထွန်းနှင့်ဆရာ၊ ဆရာများ၊ ဝန်ထမ်းများမှလည်း ဝမ်းမြောက်စွာ လက်ခံခဲ့ပါတယ်….

အဆိုပါ အပူချိန်တိုင်း ကင်မရာရှေ့သို့ ဖြတ်သန်းရောက်ရှိလာသော လူများအား ပုံရိပ်များဖမ်းယူ၍ လူ့အပူချိန်ကို တိုင်းတာတွက်ချက်ကာ ရုပ်ပုံ နှင့် တကွ Computer Monitor Screen ဖြင့် ဖော်ပြပေးခြင်း၊ Camera တွင်ပါသော Memory Card ဖြင့်လည်း မှတ်တမ်း တင်ပေးခြင်း၊ အဝေးမှနေ၍ ဖုန်းမှ တဆင့် အပူချိန်အား တိုင်းတာစောင့်ကြည့်နိုင်သည့်အတွက် လူ လူချင်း ထိတွေ့မှု မရှိသဖြင့် ရောဂါကူးစက်ခြင်းမှ ကင်းဝေးစေခြင်း၊ လျပ်စစ်အားသွင်းစနစ်ပါဝင်သည့်အတွက် မီးပျက်သွားသည့်တိုင်အောင် Power Bank ဖြင့်လည်း ဆက်လက်အသုံးပြုနိုင်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ပါတယ်။ လျပ်စစ်မီး မရရှိသော ကျေးရွာများတွင် လည်း ဓါတ်ခဲနှင့်အသုံးပြုနိုင်အောင် အထူးတီထွင်ပြုလုပ်ထားပါတယ်။

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသူ၊ ကျောင်းသားများ ၏ IT စွမ်းရည်အား ဖော်ထုတ် အသိအမှတ်ပြုနိုင်ရန် နှင့် ၄င်းတို့ တီထွင်ဖန်တီးပြုလုပ်ထားသော IT အခြေပြု စက်ပစ္စည်းများ အား နိုင်ငံတော်အတွက် အထူးလိုအပ်လျက် ရှိသော COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် စောင့်ကြည့် စစ်ဆေးရေးတို့တွင် အကျိုးရှိ ထိရောက်စွာ လက်တွေ့အသုံးချအကောင်အထည်ဖော်နိုင်ရန် အတွက် ပညာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများနှင့် အညီ လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း စွမ်းစွမ်းတမံ အကောင်အထည်ဖော် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါတယ်…